What I’ve learned through past three years as a Software Engineer(in Burmese version)
ကျွန်တော်ပုံမှန်ဆိုရင်တော့ နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းတွေ ရေးလေ့ရှိပါတယ်။ဒီတစ်ခေါက်မှာတော့ သုံးနှစ်တာကာလအတွင်း software engineer တစ်ယောက်အနေနဲ့ ကျွန်တော်သိခဲ့တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါမယ်။
အင်္ဂလိပ်စာ လေ့လာပါ
ကျွန်တော် programming နဲ့ပတ်သက်တဲ့ content တွေကို မြန်မာလိုရေး/သင်ကြား လေ့ရှိတယ်။ ကျွန်တော့်လို မြန်မာလို programming အကြောင့် ရေးနေတဲ့သူတွေ ကျွန်တော့်ထက် အရင်ရေးနေကြတဲ့ ဝါသဘာရင့်သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဒီလိုမြန်မာလိုရေးကြတယ်ဆိုတာ ကိုယ့်ဘာသာစကားနဲ့ကိုယ်လေ့လာနိုင်ရင် ပိုပြီးနားလည်ရလွယ်ကူမယ်လို့ယုံကြည်တာကတစ်ကြောင်း အင်္ဂလိပ်စာအားနည်းတဲ့သူတွေအတွက် အဆင်ပြေစေဖို့ကတစ်ကြောင်းတို့ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လို မြန်မာစာနဲ့ရေးထားတဲ့ content တွေရှိတာက အင်္ဂလိပ်စာကို အစားထိုးဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ ရေးနိုင်လှ ၁၀% လောက်ပါဘဲ။ ကျန်တဲ့ ၉၀% က အင်္ဂလိပ်ဘာသာနဲ့ ရှိနေတာပါ။ ဒါ့အပြင် အသစ်ထွက်သမျှ နည်းပညာတိုင်းက eng လို docs တစ်ခုအရင်ထွက်ပါတယ်။
အင်္ဂလိပ်စာက စာတွေဖတ်ဖို့တစ်ခုတည်းအတွက်တင်မဟုတ်ပါဘူး။ Developer တစ်ယောက်အနေနဲ့ အခြားနိုင်ငံက developer တွေနဲ့လည်း အမေးအဖြေလုပ်တာ စကားစမြည်ပြောတာတွေလုပ်ပြီး ကိုယ့်ရဲ့ network ကိုချဲ့ဖို့လိုပါတယ်။ အဲ့လိုနေရာမှာလည်း ကျွန်တော်တို့ အင်္ဂလိပ်စာကိုဘဲသုံးရမှာဖြစ်ပါတယ်။ အဲ့လို နိုင်ငံခြားသားနဲ့ဆက်ဆံတဲ့အခါမှာ လူဝင်ဆံ့ဖို့ဆိုရင် မီးကျိုးမောင်းပြတ် အင်္ဂလိပ်စာနဲ့ အဆင်မပြေပါဘူး။ ကျွန်တော်ဆိုရင်လည်း တောင်ရောက် မြောက်ရောက်နဲ့ ဘာပြောနေမှန်းမသိတဲ့သူတစ်ယောက်ကို စကားပြန်ပြောချင်မှာမဟုတ်ပါဘူး။ ခင်ဗျားက အခုဒီစာကိုဖတ်နေတယ်ဆိုရင် အနည်းဆုံးတော့ အင်တာနက်ရှိပါတယ်။ ရှာတတ်ရင် online ကနေ အင်္ဂလိပ်စာကို free လေ့လာလို့ရပါတယ်။ Programming language တွေအပြင် english language ကိုလည်း working proficiency level လောက်ရောက်အောင် လေ့လာသင့်ပါတယ်။
Community မှာပါဝင်ပါ။ Introvert မလုပ်ချင်ပါနဲ့
အခြား developer တွေဘာလုပ်နေလဲကြည့်ပါ။ ကိုယ့် local မှာ ဘာပွဲတွေရှိလဲ ဘယ်လို community တွေရှိလည်း နားစွင့်ပါ။ Local လောက်နဲ့လည်း မကျေနပ်နေပါနဲ့။ အမြင်ကျယ်ကျယ်ထားပါ။ Code ချည်းကုန်းရေးနေယုံနဲ့ ကိုယ့် skill မတက်ပါဘူး။ အချို့ဆို တစ်ခုခုကိုလေ့လာပြီဆိုရင် ဘယ်သူနဲ့မှ အဆက်အဆံမလုပ်တော့ဘူး။ တရုတ်သိုင်းကားတွေထဲကလို တောင်ပေါ်တက်သွားပြီး ဂူပိတ် သိုင်းကျင့်သလိုလုပ်ကြတာ။ အဲ့တာ တစ်ကယ်တော့ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ ကိုယ်က အစပိုင်းမှာ ဇာတ်နာ ရုတ်တရက်ပျောက်သွားပြီး တစ်ယောက်တည်းသိုင်းကျင့် ဆယ်နှစ်ကြာသော်ဆိုမှ ဆရာကြီးဖြစ်ပြီး combe back ဖြစ်တဲ့အကွက်တွေက ရုပ်ရှင်ထဲမှာဘဲ ကြည့်လို့ကောင်းတာပါ။ လက်တွေ့မှာ ဖြစ်နိုင်ချေနည်းပါတယ်။
ကိုယ်က တစ်ခုခုကိုလေ့လာပြီဆိုရင် ရှေ့မှာလုပ်ဖူးတဲ့သူတွေနဲ့ စကားပြောကြည့်တာ မျိုးလုပ်သင့်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်အမြင်ကို social media ပေါ်မှာ တင်တာမျိုး လုပ်ကြည့်မှ သိတဲ့သူက အနည်းဆုံးကိုယ့်ကိုသတိထားမိမှာပါ။ အဲ့လိုကနေမှ ကိုယ်အမှားကြီးလုပ်နေရင် ပြင်ပေးမယ့်သူပေါ်လာမှာပါ။ အလုပ်မလုပ်ဘဲ စကားချည်းလှိမ့်ပြောနေရင်လည်း ခရီးမတွင်သလို စကားမပြောဘဲ ကိုယ့်ဘာသာကြိတ်လုပ်နေရင်လည်း နေရာမကျဘူးဆိုတာကို သတိမူမိဖို့ပါ။
Twitter သုံးပါ
အကောင်းပြောတာပါ။ Facebook ကိုရူးရူးမူးမူးသုံးတဲ့နိုင်ငံ လက်ချိုးရေလို့ရပါတယ်။ အဲ့အစား Twitter မှာအချိန်ပေးသင့်ပါတယ်။ Twitter ပေါ်မှာ language creator တွေ investor တွေ recruiter တွေ အလွှာအသီးသီးက ပညာရှင်တွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ အတွေးအမြင်တွေက တစ်ကယ်အကျိုးရှိစေပါတယ်။ နောက်တစ်ခါ အခြားသူတွေရဲ့ thread တွေမှာ အကျိုးရှိနိုင်မယ့် ကိုယ့်ရဲ့အမြင်ကို ဝင်ရောက်ဆွေးနွေးပြီးတော့လည်း intl community ရဲ့ သတိထားမှုကို ရနိုင်ပါတယ်။ ကိုယ်ဘယ်လောက်တော်တော် ဘယ်သူမှသတိမထားမိရင် ဘယ်သူမှ ကိုယ့်ကို အလုပ်ပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဇွတ် attention ရှာနေတာမျိုးတော့ မဖြစ်ဖို့လည်း သတိထားရပါမယ်။ မဟာဗန္ဓုလဟာ သူ့သခင်ကို အိမ်နိမ့်စံဘဝထဲက ခစားခဲ့ပြီး နန်းရချိန်မှာ သူ့ကိုသတိမထားမိလို့ ညီလာခံမှာ ဘေးကမှူးမတ်တွေကို ထုထောင်းပြီး ရွေနန်းရှင်သတိရအောင် attention ရှာခဲ့တယ်လို့ မှတ်သားဖူးပါတယ်(ဤကားစကားချပ် :xD)
Linkedin အတွက် အချိန်ပေးပါ
ကိုယ့် professional network အတွက် အကောင်းဆုံအရာက Linkedin ပါဘဲ။ လက်ရှိ industry မှာရှိနေတဲ့ senior တွေ recruiter တွေ consultant တွေအကုန်လုံးက linkedin မှာရှိပါတယ်။ သူတို့ရဲ့ career ကို follow လုပ်နိုင်သလို အလုပ်တွေဘာတွေလည်း ကမ်းလှမ်းခံရနိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ့် network ထဲ add ချင်တဲ့အခါ request note လေးရေးပေးသင့်ပါတယ်။ ပြည်တွင်းကလူတော်တော်များများ ကျွန်တော့်ကိုလာ add တဲ့အခါ ဘာ message မှမပါဘဲ လာ add ကြတာများပါတယ်။ ကိုယ်က အပြင်မှာလူချင်းသိနေလို့ဆို ဘာမှမဖြစ်ပေမယ့် ကိုယ်တစ်ကယ်လေးစားလို့ ကိုယ့် network ထဲထည့်ချင်တဲ့အခါ request note လေးပါသင့်ပါတယ်။ ဒါမှ တစ်ဖက်လူက ကိုယ်ဘာရည်ရွယ်ချက်နဲ့ သူ့ကိုလာ add တယ်ဆိုတာကို သိမှာဖြစ်ပါတယ်။ နောက်တစ်ခါ အဲ့လို request message ရေးတဲ့အခါမှာလည်း online ပေါ်က template တစ်ခုခုကို နာမည်လေးပြောင်းပြီး ပို့လိုက်တာမျိုးထက်စာရင် ကိုယ့်ရဲ့ တစ်ကယ့် ပုဂ္ဂလိကခံစားချက်အတိုင်း ရေးတာပိုကောင်းပါတယ်။ ဘယ်သူမဆို သူတို့အတွက်သီးသန့်ရေးတဲ့ message ကိုပိုကြိုက်ပါတယ်။
Mail ရေး/ဖတ် တဲ့အကျင့်လုပ်ပါ
တစ်ကယ် professionally communicate လုပ်ချင်ပြီဆိုရင် messenger မှာသွား hi တာက အဆင်မပြေပါဘူး။ ကျွန်တော့်အတွက် facebook, messenger က တအား personal ဖြစ်ပါတယ်။ အဲ့မှာ ကျွန်တော်သိတဲ့သူတွေဘဲ ရှိစေချင်တာပါ။ မြန်မာနိုင်ငံမှာက ပုံမှန်လိုဖြစ်နေပေမယ့် နိုင်ငံတကာမှာ ကိုယ်နဲ့လုံးဝမသိတဲ့သူက ကိုယ့်ကို messenger ကနေ စာပို့တာက တော်တော်စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဘာကိစ္စအတွက်မဆို မရင်းနှီးသေးရင် mail ကနေဘဲဆက်သွယ်သင့်ပါတယ်။ Mail ပို့တဲ့အခါမှာလည်း subject လေးတော့ထည့်ပေးသင့်ပါတယ်။ ကိုယ်ကိုတိုင်လည်း ကိုယ့် mail တွေကို check တဲ့အကျင့်ကိုလုပ်ပါ။ ကိုယ်က local မှာဘဲအလုပ်လုပ်နေတယ်ဆို ပြသနာမရှိပေမယ့် တစ်ကယ် နိုင်ငံခြားသားတွေကြားမှာ လူရာဝင်အောင်လုပ်ပြီဆိုရင် ဒီအကျင့်က အရေးကြီးပါတယ်။ သူတို့ဆီက offer အများစုကလည်း mail ကတစ်ဆင့်လာတာမို့လို့ အရေးကြီးတဲ့ သတင်းတွေ အခွင့်အရေးတွေ လွတ်သွားနိုင်ပါတယ်။
Certificate တွေကို အားမကိုးပါနဲ့
ဘွဲ့လက်မှတ်တွေ certificate တွေက သူ့နေရာနဲ့သူ လိုတာတွေတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့တာတွေကို ဒိုင်းကာတစ်ခုလို မှတ်ယူလို့မရပါဘူး။ ကျွန်တော် Quora မှာဖြေထားတဲ့အဖြေနှစ်ခုကို သဘောကျလို့ မျှဝေလိုက်ပါတယ်။
သူတို့ပြောသလိုဘဲ certificate ဆိုတာက course material တွေကို ပြီးမြောက်သွားတယ်လို့ဘဲ မှတ်ယူလို့ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို 100% represent မလုပ်နိုင်ပါဘူး။
ကိစ္စအားလုံး သူများကိုလိုက်မမေးပါနဲ့
အကူအညီတောင်းတယ်ဆိုတာ ကောင်းပါတယ်။ မသိရင် သိတဲ့သူကို မေးလိုက်တာ အကောင်းဆုံးပါ။ ဒါပေမယ့် အကူအညီတောင်းတတ်ဖို့လည်း လိုပါတယ်။ အကုန်လုံး ကိုယ့်ဘာသာမလေ့လာဘဲ သူများလိုက်မေးနေရင် ဖြေရတဲ့သလည်း ငြိုငြင်ပါတယ်။ ကိုယ်က တစ်ခုခုကိုမေးချင်ပြီဆိုရင် ကိုယ့်ဘက်ကရော အဲ့ကိစ္စကိုသိအောင် ဘယ်လောက်ကြိုးစားအားထုတ်ထားလဲဆိုတာ ပြနိုင်ဖို့လိုပါတယ်။ အခြားဆရာတွေလည်း ဒီအကြောင်း ပြောဖူးပါတယ်။ သူများဉီးနှောက်ဖောက်စားတာမျိုး မလုပ်သင့်ပါဘူး။
ရိုးသားပါ
ဒီနေရာမှာ ကိုယ့်ကိုယ်ကိုရိုးသားဖို့လည်းလိုပါတယ်။ ကိုယ်မသိတာကို မသိဘူးလို့ ရိုးရိုးသားသား လက်ခံနိုင်တာလည်း အရည်အချင်းပါဘဲ။ သူများအထင်သေးမှာစိုးလို့ ကိုယ်တစ်ကယ်မတတ်တာကို တတ်ဟန်ဆောင်တာမျိုး မလုပ်သင့်ပါဘူး။ကြားဖူးနားဝရှိယုံနဲ့လည်း တစ်ကယ်သိတာ ဟုတ်ချင်မှဟုတ်ပါမယ်။ မတတ်တာကို တတ်ဟန်ဆောင်လိုက်ရင် ဘယ်တော့မှ တစ်ကယ်တတ်အောင်လေ့လာမိတော့မှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် ဘယ်လိုအခြေအနေမှာမဆို ကိုယ့်ကိုယ်ကိုရိုးသားဖို့ ကိုယ့်အဖွဲ့အပေါ် ရိုးသားဖို့ လိုပါတယ်။
အချိန်ကို စီမံပါ
အချိန်ကို ကောင်းကောင်းစီမံနိုင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာနေတဲ့သူတစ်ယောက်ဆို ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော်တို့ စာအုပ်ကြီးအတိုင်း သွားနေလို့မရပါဘူး။ အင်တာနက်လိုတဲ့ကိစ္စ မီးလိုတဲ့ကိစ္စ စသဖြင့် ထည့်စဉ်းစားပြီး အင်တာနက်ပျက်သွားရင် မီးပျက်သွားရင် အဲ့အချိန် ဘာလုပ်မလဲဆိုတာပါ ထည့်စဉ်းစားထားရပါမယ်။ ကိုယ်မနက်ဖန် ဘာလုပ်မလဲဆိုတာကို ကြိုမစီမံနိုင်ရင် ကိုယ့်အနာဂါတ်ကို စီမံနိုင်ဖို့ ခက်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
ကျွန်တော်တို့အများစုက ကွန်ပျူတာရှေ့မှာဘဲ အချိန်ကုန်လေ့ရှိပါတယ်။ ဒါက ရေရှည်အတွက် မကောင်းပါဘူး။ ကိုယ်က physically fresh ဖြစ်နေမှ ဉီးနှောက်ကလည်း အကြံတွေထွက်မှာပါ။ ဖြစ်နိုင်ရင်တော့ height ချိန်လို့ရတဲ့ စားပွဲဝယ်ပြီး မတ်တပ်ရပ်ပြီး ကုဒ်ရေးတာနဲ့ ထိုင်ပြီးကုဒ်ရေးတာကို တစ်လှည့်စီလုပ်သင့်ပါတယ်။ ဒါ့အပြင် တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် cardio လို လေ့ကျင့်ခန်းတွေလုပ်ပေးသင့်ပါတယ်။ ကျွန်တော်ဆို စိတ်မလန်းတော့ရင် ပြင်းထန်တဲ့ hit cardio လိုမျိုးတစ်ခုခုလောက်လုပ်လိုက်မှ ပြန်အဆင်ပြေပါတယ်။ ကျွန်တော်တို့အလုပ်က burnt out ဖြစ်ဖို့ တအားလွယ်ပါတယ်။ အဲ့တာကြောင့် mentally breakdown မဖြစ်အောင် physical wealthiness ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ကျွန်တော့်အတွက်တော့ ဉီးနှောက်က မပင်ပန်းခင် ခန္ဓာကိုယ်ကို ပင်ပန်းအောင်လုပ်ပြီး အာရုံလွှဲလိုက်တဲ့သဘောပါဘဲ။
အိပ်ရေးဝအောင်အိပ်ပါ
ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ နောက်သလိုပြောင်သလို ပြောကြတာရှိပါတယ်။ မအိပ်ဘဲ ကုဒ်ရေးတယ်ဆိုတာ။ ညလုံးပေါက်ကုဒ်ရေးတာ ကောင်းတဲ့အလေ့အကျင့်မဟုတ်ပါဘူး။ အိပ်ချိန်အနည်းဆုံး ခြောက်နာရီလောက်မရရင် ဘယ်လိုမှ အလုပ်တွင်မှာမဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ ဘယ်လိုဘဲဖြစ်ဖြစ် လုံလောက်တဲ့အိပ်ချိန်ကို ဖယ်ထားလေ့ရှိပါတယ်။ မအိပ်ဘဲ အလုပ်လုပ်တာဟာ ရေရှည်မှာ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ခံပြီး ရေးထားတဲ့ ကုဒ်တွေဟာ ကောင်းလေ့မရှိပါဘူး။ ပုဆိန်ကိုသွေးရင် ကြာမှာစိုးပြီဂ ပုဆိန်အတုံးကြီးနဲ့ခုတ်တဲ့အချိန်ဟာ ပုဆိန်သွေးပြီး ထက်သွားမှခုတ်တာထက် ပိုကြာတယ်လို့ အဆိုရှိပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီးတော့မှ အလုပ်ကိုတွန်းလုပ်တာက ကျွန်တော့်အတွက် ပိုအဆင်ပြေပါတယ်။
Humble ဖြစ်ပါ
နောက်ဆုံးမှာရေးထားပေမယ့် အရေးကြီးတဲ့အထဲမှာ ထိပ်ဆုံးကပါပါတယ်။ နှိမ့်ချဆက်ဆံတတ်ဖို့ဆိုတာထက် မာန်မာန မထောင်လွှားဖို့ဆို ပိုမှန်ပါမယ်။ လူတကာကို အောက်ကျို့ဖို့မဟုတ်ပါဘူး။ ကိုယ့်ဘက်က မထောင်လွှားဖို့ဖြစ်ပါတယ်။ ကိုယ်တစ်ကယ် နေရာတစ်ခုရောက်လာတဲ့အခါ အဲ့လိုထောင်လွှားခဲ့တာတွေကို ပြန်မြင်ယောင်မိရင် သိပ်ရှက်စရာကောင်းပါတယ်။ Humble ဖြစ်တစ်ဆိုတာ ကိုယ့်ကိုယ်ကိုနှိမ်ချတာထက် ကိုယ့်ကိုယ်ကို ကာကွယ်တာဆို ပိုမှန်ပါတယ်။ အမြဲတော်တဲ့သူကလည်း တစ်ခါတလေ လျှော်သွားနိုင်သလို အမြဲလျှော်တဲ့သူကလည်း တစ်ခါတလေ တော်သွားနိုင်ပါတယ်။ ကိုယ်က humble ဖြစ်ရင် တစ်ခုခုမှားသွားလည်း ဘယ်သူမှ အပြစ်မမြင်ပါဘူး။ အစထဲက မောက်မာ ထောင်လွှားနေတဲ့သူများ တစ်ခုခုမှားရင် ကူညီဖို့နောက်ထား ဝိုင်းလှောင်ကြတာအရင်ခံရမှာပါ။ အလကားနေရင်း လူအမြင်ကပ်အောင်နေတာဟာ ကိုယ့်အတွက်လုံးဝမကောင်းပါဘူး။
Humble ဖြစ်ခြင်းရဲ့ ကောင်းတဲ့နောက်အချက်ကတော့ အမှားကိုမြင်နိုင် ပြင်နိုင်တာပါ။ ကျွန်တော်လွန်ခဲ့တဲ့ ၆ လလောက်က stackoverflow မှာ မေးခွန်းတစ်ခုကိုဖြေပေးထားတာက မှားသွားပါတယ်။ အဲ့အခါ အဖြေအောက်မှာ comment တစ်ခုလာရေးထားပါတယ်။ ဘာလဲဆိုတော့ မင်းဖြေထားတာက မှားနေပါတယ်။ ဒါပေမယ့် မင်းကူညီချင်တဲ့စိတ်တစ်ခုတည်းနဲ့ ဖြေထားတယ်ဆိုတာကိုသိတဲ့အတွက် ငါ down vote မလုပ်ချင်ဘူး။ အခြားသူတွေ အသိမှားအမြင်မှားမဖြစ်အောင် comment ကို ကိုယ့်ဘာသာပြန်ဖျက်ပေးပါလို့ လာပြောထားပါတယ်။ ကျွန်တော် ချက်ချင်းဘဲ အခုလို အမှန်ပြင်ပေးတဲ့အတွက်ရော community ကိုပိုပြီး ယုံကြည်စိတ်ချရတဲ့နေရာဖြစ်အောင် လုပ်ပေးတဲ့အတွက်ရော ကျေးဇူးတင်ကြောင် ကျွန်တော့် comment ကိုအခုချက်ချင်းဖျက်လိုက်ပြီဖြစ်ကြောင်း mail ပို့ခဲ့ပါတယ်။ ကျွန်တော်တို့ local မှာဆိုရင် အဲ့လိုဖြစ်ချင်မှဖြစ်ပါမယ်။ ရှက်ရမ်းရမ်းပြီး ပွဲရှာတာတွေရှိလာနိုင်သလို ပညာရပ်တစ်ခုကို ဆွေးနွေးတာမျိုးမဟုတ်ဘဲ စကားနိုင်လုငြင်းခုံတာတွေ ရှိလာနိုင်ပါတယ်။ အဲ့လိုအကျင့်တွေကြောင့်လည်း ဒီမှာဆို တော်ယုံတန်ယုံ ကိုယ့်ထမင်းကိုယ်စားပြီး အဲ့လို လာပြောမှာမဟုတ်ပါဘူး။ အဲ့တာကြောင့် ကျွန်တော်တို့အတွက် humble ဖြစ်ဖို့ open-minded ဖြစ်ဖို့လိုတယ်လို့ ပြောတာဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ကျွန်တော် သုံးနှစ်တာကာလအတွင်း သင်ယူခဲ့ရတဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။